"မျဉ်းတကြောင်းသော ကြက်ခြေခတ်"
မခေါ်ပဲနဲ့လာ
မနှင်ဘဲနဲ့ပြန်
နင့်ဘဝရဲ့...
မနက်ဖြန်တိုင်းမှာ
ငါ...,
အရိုင်းဆန်ချင်ဆန်မယ်
ဒါပေမယ့်
ငါ့...မနက်ဖြန်တိုင်းမှာတော့
၀၀၁၀၇
နင်ရှိနေတယ် ။ ။
ဖွင့်မပြောသာခဲ့လို့
ရင်ရဲ့ရိုးရာ
နင်ရောငါပါ
ကိုယ့်နှလုံးသားကိုယ်...
ဟန်ဆောင်ကောင်းခဲ့ကြပေမယ့်
ရှင်းသန့်တဲ့မျက်ဝန်းများကတဆင့်
ချစ်ခြင်းဆိုတဲ့အရာကို
စစ်ကြောမိတော့
ဘယ်သူမပြုမိမိမှု
နင်က...,
ငါ့...အချစ်ဆုံးသူငယ်ချင်းရဲ့
မူပိုင်ရှင်တဲ့
အချစ်နဲ့ စစ်မှာ
မတရားတာ မရှိဘူးဆိုပေမယ့်
သူငယ်ချင်းတွေကြားက
သံယောဇဉ်လေ....,
သစ္စာရှိချင်တဲ့ငါလား...?
ဒါကိုကျော်လွှားနိုင်ခဲ့မှာ
ဖြစ်နိုင်ခွင့်သာရှိမယ်ဆိုရင်လေ...
ငါ့ချစ်ခြင်းကို"သစ်ပင်"အဖြစ်ပုံသွင်းချင်တယ်
ဒါမှလဲလေ...
အကိုင်းချိုးပြီး
နေရာသစ်မှာပြန်လည်စိုက်ပျိုးခွင့်ဆိုတာ...
ဒီလိုနဲ့ပဲ
ကမ္ဘာပေါ်မှာ...မြိုသိပ်ပါများလို့
ဆွံ့အသွားခဲ့ရတဲ့
ကောင်လေးတစ်ယောက်
တခါတခါ
အိမ်မက်တွေထဲမှာ
နင့်နာမည်ကို
အာခေါင်ခြောက်အောင်ယောင်ယောင်ခေါ်ရင်း...
စိတ်အစဉ်က
ဟိုတချိန်...
ဒို့နှစ်ယောက် ခရေပင်တန်းဆီမှာ
အတူတူစိတ်ကူးယဉ်ခဲ့ကြတဲ့
လယ်စောင့်တဲလေးရယ်
ငါနင့်ခေါင်းမှာသိပ်ပန်ပေးချင်ခဲ့တဲ့
ကြာနီတပွင့်၊ဖြူတပွင့်
အခု...,ငါ့မှာ အခွင့်မရှိတော့ပါ
ဒီထက်ပိုဝမ်းနည်းစရာက
အားငယ်တတ်တဲ့နင်
ငိုနေတာကို အနားရှိရက်နဲ့
ငါ...
ဘာကိုမှလုပ်မပေးနိုင်တော့တဲ့"ဘဝ"
စိတ်မရှိပါနဲ့
ဂါဂါ...
ဆရာဝန်တယောက်ရဲ့အလိုအရဆို
ငါ....,
နင်မရောက်ခင် ၁၀ မိနစ်အလိုက
သေဆုံးခဲ့သူပါ ။ ။
မှတ်ချက်။ ။ ၀၀၁၀၇(ထာဝရ)က တာရာမင်းဝေ ဆီကပါ။
မျဉ်းတကြောင်းသော ကြက်ခြေခတ်
Subscribe to:
Post Comments (Atom)
0 ထွေရာလေးပါး:
Post a Comment