"ဖေဖော်ဝါရီလ ၁၂ ရက်"
ဓါးမဦးချ
ဘိုးဘွားအမွေအနှစ်
ပြည်ချစ်မြေကို
သာတူညီမျှ
ဒင်းတို့လည်းမကျန်ခဲ့ရလေအောင်
....မသိတော့ဘူးဗျာ
ပင်လုံရယ်...
ဒို့ညီအကိုတွေနှစ် ၇၀ကျော်
စိတ်ဝမ်းကွဲခဲ့တဲ့ဒီခဏကို
မျက်နှာအို လူညိုအချင်းချင်း
တွေ့ဆုံဆွေးနွေးနိုင်ခြင်းနဲ့
သမိုင်းသစ်မော်ကွန်းတင်နိုင်ပါစေလို့
ပိုင်ရှင်ပျောက်ဆုံးခဲ့တဲ့ ဖိနပ်တွေ
မီးတင်ရှို့ခံခဲ့ရသော ရွာဟောင်းနေရာတွေ
စာသင်ခန်းမှပေါက်ဖွားခဲ့ကြသော
ယူနီဖောင်းတွေကရော...
အတူတူဆိုပါရင်လေ
ကဲ...မိတ်ဆွေ
ပကာသနတွေဖြုတ်
ရိုးသားစွာ ပြည်သူလုပ်ရင်း
ရွှေပြည်သစ်ဆီသို့
ပြည်ထောင်စုနေ့
ရေးသားသူ ငြိမ်သက် at 7:59 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အနားမှာရှိနေပေးပါ
အနားမှာရှိနေပေးပါ
ပြောချင်တာတွေဘယ်သူ့ကိုမှပြောပြခွင့်မရတဲ့အခါ
အနားမှာရှိနေပေးပါ
ဆန္ဒနဲ့ဘ၀တွေထပ်တူမကျတဲ့အခါ
အနားမှာရှိနေပေးပါ
မာနနဲ့ပတ်ဝန်းကျင်လုံးထွေးကြတဲ့အခါ
အနားမှာရှိနေပေးပါ
အယောင်ဆောင်အလှတရားတွေကြားမှာ
ငါယစ်မူးစွာနစ်မျှောနေတဲ့အခါ
အနားမှာရှိနေပေးပါ
အလိုဆန္ဒတံလျှပ်တွေနောက်
ငါ ကောက်ကောက်ပါတဲ့အခါ
အနားမှာရှိနေပေးပါ
ငါ့ကိုချစ်တဲ့ သူ တွေကိုတောင်
မေ့လျှော့လာတဲ့အခါ
အနားမှာရှိနေပေးပါ
သူငယ်ချင်းဆိုတဲ့ ငွေမာမျိုးကတောင်
အရောင်တွေပြောင်းလဲလာတဲ့အခါ
အနားမှာရှိနေပေးပါ
ငါ့ကိုယ်ငါပြန် မုန်းဖြစ်လာတဲ့အခါ
အနားမှာရှိနေပေးပါ
ချစ်သူရယ်...နင်ကတောင် မနှစ်မြို့ ချင်ဖြစ်လာတဲ့အခါ
အနားမှာရှိနေပေးပါ။
ရေးသားသူ ငြိမ်သက် at 6:43 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အိမ်မက်ပါ
"အိမ်မက်ပါ"
ခိုလှုံခဲ့ ဖူးသည့်
ရင်ခွင်ဟောင်း
နမ်းရှိုက်ခဲ့ ဖူးသည့်
ပါးပြင်နု
နှုတ်ခမ်းပေါ်က
အနမ်းများ...
ဒါတွေကို
တက်မက်ဆဲမှာ
ဖျတ်ခနဲဆို
ကိုယ့်နှလုံးသား
ကွဲအက်သွားခဲ့
သြော်...
သူ...လမ်းခွဲသွားရက်ပြီကို ။ ။
ရေးသားသူ ငြိမ်သက် at 6:42 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အထီးကျန်ည
" အထီးကျန်ည "
ဘဝမှာ
အထီးကျန်ညတွေဆိုတာ
မဆန်းပေမယ့်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။
မျှော်မှန်းကြည့်တော့လည်း
အတော်မနီးပါဘူး
စိတ်မညစ်ပေမယ့်
အရိပ်အဖြစ်နဲ့ သိပ်ချစ်ခဲ့သူသာရူး
နှစ်ကိုယ်အတူရှိနေနိုင်ဖို့
မဖြစ်လေတဲ့အဆုံး
မင်းပေးအပ်ဆဲ
ခပ်လွှလွှအငွေ့ အသက်ကလေးကိုပွေ့ဖက်
ကြယ်စင်တွေမြင်တိုင်း
အဓိပ္ပါယ်မဲ့ပြုံးတတ်ခဲ့ရင်း
သန်းခေါင်ကျော်လေတိုင်း
ဂါဂါရယ်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။
ရေးသားသူ ငြိမ်သက် at 6:41 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
မျဉ်းတကြောင်းသော ကြက်ခြေခတ်
"မျဉ်းတကြောင်းသော ကြက်ခြေခတ်"
မခေါ်ပဲနဲ့လာ
မနှင်ဘဲနဲ့ပြန်
နင့်ဘဝရဲ့...
မနက်ဖြန်တိုင်းမှာ
ငါ...,
အရိုင်းဆန်ချင်ဆန်မယ်
ဒါပေမယ့်
ငါ့...မနက်ဖြန်တိုင်းမှာတော့
၀၀၁၀၇
နင်ရှိနေတယ် ။ ။
ဖွင့်မပြောသာခဲ့လို့
ရင်ရဲ့ရိုးရာ
နင်ရောငါပါ
ကိုယ့်နှလုံးသားကိုယ်...
ဟန်ဆောင်ကောင်းခဲ့ကြပေမယ့်
ရှင်းသန့်တဲ့မျက်ဝန်းများကတဆင့်
ချစ်ခြင်းဆိုတဲ့အရာကို
စစ်ကြောမိတော့
ဘယ်သူမပြုမိမိမှု
နင်က...,
ငါ့...အချစ်ဆုံးသူငယ်ချင်းရဲ့
မူပိုင်ရှင်တဲ့
အချစ်နဲ့ စစ်မှာ
မတရားတာ မရှိဘူးဆိုပေမယ့်
သူငယ်ချင်းတွေကြားက
သံယောဇဉ်လေ....,
သစ္စာရှိချင်တဲ့ငါလား...?
ဒါကိုကျော်လွှားနိုင်ခဲ့မှာ
ဖြစ်နိုင်ခွင့်သာရှိမယ်ဆိုရင်လေ...
ငါ့ချစ်ခြင်းကို"သစ်ပင်"အဖြစ်ပုံသွင်းချင်တယ်
ဒါမှလဲလေ...
အကိုင်းချိုးပြီး
နေရာသစ်မှာပြန်လည်စိုက်ပျိုးခွင့်ဆိုတာ...
ဒီလိုနဲ့ပဲ
ကမ္ဘာပေါ်မှာ...မြိုသိပ်ပါများလို့
ဆွံ့အသွားခဲ့ရတဲ့
ကောင်လေးတစ်ယောက်
တခါတခါ
အိမ်မက်တွေထဲမှာ
နင့်နာမည်ကို
အာခေါင်ခြောက်အောင်ယောင်ယောင်ခေါ်ရင်း...
စိတ်အစဉ်က
ဟိုတချိန်...
ဒို့နှစ်ယောက် ခရေပင်တန်းဆီမှာ
အတူတူစိတ်ကူးယဉ်ခဲ့ကြတဲ့
လယ်စောင့်တဲလေးရယ်
ငါနင့်ခေါင်းမှာသိပ်ပန်ပေးချင်ခဲ့တဲ့
ကြာနီတပွင့်၊ဖြူတပွင့်
အခု...,ငါ့မှာ အခွင့်မရှိတော့ပါ
ဒီထက်ပိုဝမ်းနည်းစရာက
အားငယ်တတ်တဲ့နင်
ငိုနေတာကို အနားရှိရက်နဲ့
ငါ...
ဘာကိုမှလုပ်မပေးနိုင်တော့တဲ့"ဘဝ"
စိတ်မရှိပါနဲ့
ဂါဂါ...
ဆရာဝန်တယောက်ရဲ့အလိုအရဆို
ငါ....,
နင်မရောက်ခင် ၁၀ မိနစ်အလိုက
သေဆုံးခဲ့သူပါ ။ ။
မှတ်ချက်။ ။ ၀၀၁၀၇(ထာဝရ)က တာရာမင်းဝေ ဆီကပါ။
ရေးသားသူ ငြိမ်သက် at 6:40 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အစာမကြေခဲ့သော ဘဝအပိုင်းအစများ
"အစာမကြေခဲ့သော ဘဝအပိုင်းအစများ"
သံသရာ "ရထား" တဲ့
အယ် ငါ့ကျမှဘာလို့
ဒေါင်...လိုက်သွားနေရတာလဲ
ဘာပဲဖြစ်ဖြစ်
ခေါက်ရိုးကျိုးနေတဲ့ မာနကတော့
ဒေါင်လိုက်ရေးဆွဲထားတဲ့
လူကူးမျဉ်းကြားပေါ်မှာ
အလျားလိုက် "က" နေလေရဲ့
အနိစ္စကိုမုန်းတယ်ဗျာ
လက်မှတ်တွေ နဲ့ စိစစ်ရေးကတ်ပြားတွေပေါ်က
သက်တန်းကုန်ဆုံးရက် တွေအပေါ်မှာ
မထီမဲ့မြင် ပြုံးပြုံးပြီးဆက်ဆံတတ်တာကိုပါ
အပေါ်ယံ သွင်ပြင်တခုထဲနဲ့
အရည်အသွေးကို အကဲမဖြတ်နိုင်ပါဘူးဆိုတဲ့ကြားက
လောကကြီးမှာ...
ပါကင်၊ဒီဇိုင်းနဲ့ ကြော်ငြာတွေရေပန်းစားလာတာ
ဘယ်သူ့ ကြောင့်လဲဆိုပါလျှင်
ကျနော်သည်လည်း
ထို့ နည်းလည်းကောင်း...
"စင်တာကလောခ့်" တကယ်ရှိကြောင်း
ကလေးတွေကိုမုသားသုံးအပြီးမှာပဲ
ကောင်းကင်ဘုံကပြန်စာရတယ်
"အသင်လူသား
ကိုယ်တော်သင့်အိမ်မလည်အားပါ
ထို့ အတူကိုယ်တော်ရဲ့
ကြီးမားသောဂရုဏာတော်သည်လည်း
လါမည့်ခရစ္စမတ်တွင် ကိုယ်ထူကိုယ်ထ
ဇီဝိန်ခမြည့် ဝိညဉ်များအနားတွင်
ဆုတောင်းသမှုကိုပြုရင်း..."
မေတ္တာတော်ကို နားလည်ခြင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာပဲ
ကုန်သည်ကြီးတချို့ က
ခရစ္စမတ်ကာလမှာ အရက်ကို
discount ချသတဲ့
မြို့ ရဲ့ ဂုဏ်ဆောင်သတင်းလေ
ဦထုပ်ဆောင်းတဲ့ ပုတ်သင်ညိုတချို့
အတောင်မပါတဲ့ အိန်ဂျယ်များရဲ့
ခရစ္စမတ်
အထူးဈေးရောင်းပွဲတော်ည
အလယ်မှာ
မျိုးသုန်းသွားပါကြောင်းဆိုတာ...
မဲပြာရောင် မဂ္ဂဇင်းတချို့ ရဲ့
အတွင်းဘက် မျက်နှာစာမှာ
စတော်ဘယ်ရီ ဖလေဖါနဲ့
အုန်းအုန်းကြွက်ကြွက် ဖေါ်ပြထားလေရဲ့
ဘာလိုလိုနဲ့ သိုးဆောင်းပျိုဖြူတွေရဲ့
နို့ ဆန်ပြုတ် လှူပွဲကို
မျက်မြင်ကြုံရတာဒါပါနဲ့ ဆို
ဒုတိယံမိပါ
တယောက်သောသူကို
သတိရလို့
အလွမ်းတွေအန်ချတော့
Error မကင်းဒဲ့
လိမ်ညာခြင်းတွေက
ပျိုးပျိုးပြက်ပြက် လင်းလို့ ၊ ထိန်လို့
နှုတ်ဆက်ခြင်း ကင်းမဲ့နေတဲ့
ပြတ်စဲခြင်း ညနေမှာ
ဆည်းဆာက
အမှောင် တဝက်ဖြာအကျ
လမင်းက
အလိုမတူသူနဲ့
အိမ်ထောင်ကျ သွားလေရဲ့
ဆွတ်ပျံ့ ခြင်းတွေ
ခြေရာ အနှံအပြား
ငါ့နှလုံးသား
ဗဟိုမှာ...
...မြှားတစင်း...တောက်!
ဘယ်သူလာစိုက်ထားတာလဲကွ...အမေးမှာ
မြှားနတ်မောင်က လက်ထောင်ပြတယ်
မတော်တဆပါတဲ့
ခပ်ကြောင်ကြောင် အတွေးအခေါ်တွေနဲ့
မနက်၊ မမှောင် အသားအရည်ရှိတဲ့ ကျနော့ကို
လက်ရှောင်နေကျပါလို့
အားမနာပ ပြောသွားအပြီးမှာ
အမူပိုတဲ့ ရေလာမြောင်းလေးတခုကို
ပြင်းပြင်းရှရှ သတိရမိတယ်
ဟိုတချိန်က ကျနော်အပေါ်မှာ
အရမ်းချစ်တတ်ခဲ့တဲ့ ညီမလေးတယောက်
အကို့ ထက်ကံကောင်းပါစေလို့
ဆုတောင်းရင်းက...
ချစ်သူကို မြင်လျှက်နဲ့ မှ
သတ္တိရှိရှိ မချစ်နိုင်ခဲ့တဲ့
ဘဝတွေကို မုန်းတယ်
ဒေါသတွေက ဆန်မရှိတော့တဲ့
စဉ့် အိုးတဝိုက်မှာဝေ့ကာဝဲကာ
အဒေါ့်သမီးလေးကို
တကယ်ချစ်တယ်ဆိုရင်...ဆိုကာအစချီပြီး
တထောင်တန်အုပ်တွေပါမှစကားပြောတတ်သော
မတော်လိုက်ရတဲ့ အမေ့စကားတခွန်းက
ငါ့ရာဇဝင်မှာ
ချစ်သူကိုရောင်းစားခြင်းဆိုတဲ့
အမည်းကွက်ကြီးအဖြစ်..ထင်းလို့ ...ကျန်ခဲ့
အပစ်ဖို့ ဘို့ ဘုရားသခင်ထံအသွား
ကျောင်းတော်ရဲ့ တံခါးအဝမှာ
ချိတ်ဆွဲထားတဲ့ စာတမ်းကလေးက
ကျနော်ကို ဟန်ပါပါ ပြုံးပြတယ်
"ဘုရားသခင်သည် တံခါးပေါက်ကိုကား ဖန်ဆင်းတော်မူ၏။ သို့ သော် ဒလဝမ် အလုပ်ကိုကားမလုပ်ချေ" တဲ့
ဒီကြားထဲ အရာတိုင်းမှာ
K-E-Y ကို သိရင်အလွယ်လေးပါဆိုတဲ့
လူစားမျိုးတွေဆီ...
(တခါတလေကျ
Master သော့တူရှိပါလျှက်နဲ့
ဖွင့်ရခက်တဲ့ တံခါးမျိုးနဲ့ တိုးလို့
"မာမူ"လဲ မျက်နှာပျက်ပေါင်းမနည်းတော့ဘူးဆိုတဲ့)
သော့ပြင်ကုလား လက်မြှောက်ရသော
တံခါးတချပ် တနင်္ဂနွေအပတ်တိုင်း
လက်ဆောင်ပို့ ချင်တယ်
ရပ်ကွက်ထဲက ရေထမ်းရောင်းတဲ့
ကိုမိုးကြီး
ဂေါပကလူကြီးသမီး မင်္ဂလာဆောင်နေ့ က
ဘုံဘိုင်ဘေးမှာ အုံ့ အုံ့ ဆိတ်ဆိတ် မျက်ရည်ကျတာ
ဂေါ်လီလိမ့်ရင်းမြင်တဲ့ ဟိုတချိန်တုန်းက
မစာနာတတ်ခဲ့ပါ
နှစ်သစ်ကူးပေါင်းများစွာကျော်လွန်တော့
အဲဒီနေ့ ငါ့ဆီဘယ်တော့ရောက်လာမလဲ
တွေးကြောက်နေရပြီ...ဂါဂါ
သင်္ဘော နဲ့ လေယာဉ်ပျံကို
ငါနင့်အကြောင်းတွေးတိုင်း
တစိုက်မတ်မတ် မုန်းတယ်
နွားခြေရာခွက်ထဲက
ငါတို့ဘဝတွေကို
ကမ္ဘာတခု ရွာပြုဆိုပြီး
အင်တာနက်မှာ လွမ်းနာကျစေခဲ့
ဘာပဲဖြစ်ဖြစ် မော်နီတာကိုကြည့်
ဘလော့ ပေါ်မှ တဆင့်ကမ္ဘာသိအောင်
အသဲကွဲတာထက်စာရင်...
ဘိုးတော်ဘုရားလက်ထက်မှာ
တောင်ရှည်ပုဆိုးစလေး
မမပြီး မျက်ရည်သုတ်ရတာ
ပိုပြီးများစတိုင်ကျလေမလားလို့
Hip Hopတွေနားထောင်ရင်း
တွေးမိရဲ့
မကြေနပ်ရင်
နင်လည်း ဘေလယ်ရေးပါလို့တော့
ဂါဂ့ါ...ကိုပြောမထွက်ခဲ့ဘူး
အင်း
ချွေးတလုံးလုံး ခရစ္စမတ်အတွက်
ဘီယာတွေ ဝယ်စုတတ်နေပြီဆိုတာတော့
အမေနဲ့ ကျနော့်ဆက်ဆံရေးကြားမှာ
"secret" တခုအဖြစ်သိမ်းထားချင်တယ်
ရေးသားသူ ငြိမ်သက် at 6:39 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ဈာပန
“ဈာပန”
သူမကလေ…
သူ့ အားထားရက်ခဲ့တဲ့အပြင်
မျှော်လင့်ခြင်းတွေကိုပါ
တပါတည်းယူဆောင်သွားရက်သူပါ။
တရားမျှတပါရဲ့ လား
လောကကြီးရေ…
ဒါဟာ… ထာဝရဘုရားသခင်ရဲ့
အလိုတော်အတိုင်းဆိုရင်တောင်မှ
သူမရဲ့ မွေးနေ့ တိုင်းမှာ
နောင်နှစ်ပေါင်း ၁၂၀တိုင်စေသော်လို့
ဆုတောင်းနေကြ
ကောင်ငယ်လေး ဆန္ဒကိုတော့
မျက်ကွယ်မပြုသင့်ပါ။
ဝန်ခံပါရစေတော့
သူ မငိုတတ်ပေမယ့်
အဲဒီကာလ လူပုံအလယ်မှာ
မျက်ရည်ကျခဲ့ရတယ်။
သူမအတွက်ရယ်…
နောက်ပြီး…
သူ့ဆုတောင်းတွေမှာ
မေတ္တာဓါတ်များနဲခဲ့လေလို့ လားဆိုပြီးပေါ့။
"ရိုးမြေကျ" ဆိုတဲ့ခက်ဆစ်ကို
သင်အံစမှာပဲ
ဘဝဇါတ်ဆရာအလိုကျ
တမျက်နှာလှပ်ကာ
ကြယ်ကြွေညကို
လေ့ကျက်ခဲ့ရသူပါ။
အိမ်မက်တွေထဲမှာတောင်မှ
ကိုယ်တော်သာ ဒုတိယံမိ
သနားသမှုကို ပြုမယ်ဆိုရင်လေ
သူမရဲ့ အသစ်တဖန်ပြန်လည်
မွေးဖွားခြင်းအတွက်
နံရိုးသက်သက် တင်မက
သူ့ နှလုံးသားကိုပါ အသင့်စတေးထားတယ်။
ဝမ်းနည်းပက်လက် သူမအတွက်
ငိုကြွေးနေကြတဲ့ ပန်းပွင့်တွေရဲ့
ပွင့်လွှာချပ်တွေ ကြွေအကျမှာ
သံဝေဂ ကို သတိရပေမယ့်
ရင်ထဲမှာတော့
ယနေ့ တိုင်ချိမဆုံးပါဘူး။
အုတ်ဂူဖြူငယ် ထက်က
နောက်ဆုံးနှုတ်ဆက်ခြင်း
နှင်းဆီနက်တွေ နှင့်အတူ
သူ့ ဝိညဉ်တွေပါ
သူမထံပါးမှ ခွါမရတော့ပါ
ထာဝရ နားခိုရာ
မြင့်မြတ်သော နေရာလပ်ဆီသို့
သူ့ ခန္ဓာကိုယ် ဖြင့်အုပ်မိုးရင်း
ဆုတောင်းခြင်း တချို့ က
မုတ်သုန် စုတ်ချက်ကြမ်းကြမ်းတွေနဲ့ အတူ
မိုးရွာတာ ရပ်လိုက်စမ်းပါ့
…မိုးဒေ…အာကာ...။
ရေးသားသူ ငြိမ်သက် at 6:37 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
သင်းကွဲဝံပုလွေ တစ်ကောင်ရဲ့ တန်ဒြာည
"သင်းကွဲဝံပုလွေ တစ်ကောင်ရဲ့ တန်ဒြာည"
သူတလူ ငါတမင်း
အချင်းချင်း ဘယ်လိုပဲ
စစ်ခင်း စစ်ခင်း...
ဒီမြေပေါ်မှာ
ငါတို့ ရဲ့
ချစ်ခြင်းတွေရှိတယ်။
သွေးစွန်းနေဆဲ
အဖိနှိပ်ခံ နေ့ ရက်တွေထဲက
လွတ်မြောက်ဖို့ အတွက်
ညီညွတ်စွာတိုက်ပွဲဝင်ခဲ့တဲ့
သူတို့ လက်တွေ
ဒါပေမယ့်...
သွေးစက်တွေနဲ့ လေ။
အမှန်တရားကိုရှာဖွေရင်း
အမှားများစွာကြူးလွန်ခဲ့သူအတွက်
ကြင်နာစွာထွေးပိုက်မယ့်
ရင်ခွင်တနေရာတော့
ကမ္ဘာမြေပေါ်မှာ
ရှိနိုင်ကောင်းစရာ။
အပြာရောင်ညရဲ့
လွတ်လပ်တဲ့ အရသာကို
အပြည့်အဝ ခံစားရင်း
မွန်းကျပ်တဲ့ မြို့ ပြညများထဲ
ရှင်သန်နေဆဲ မျိုးနွယ်စုတွေအတွက်
စိတ်မကောင်းရုံမှတပါး
နှင်းတောထဲမှ
တဦးတည်းသောငါကကော...
ဘာများတတ်နိုင်ခဲ့မှာလဲ။
တိုက်ပွဲရဲ့ စနက်
ခုံမင်စွာသွေးသောက်တတ်ခဲ့တဲ့
ပါးစပ်တွေအတွက်တော့
ကိုယ်ထူကိုယ်ထ
ငါတို့ ရှက်တတ်ကြရမယ်။
ဟင်္သာကိုးသောင်းဇာတ်ကို
မ"က"ရက်လို့
တိတ်ဆိတ်စွာ
သင်းခွဲ နှုတ်ထွက်ခဲ့ချိန်မှာ
ပုဒ်မများစွာ
အတပ်ခံခဲ့ရတဲ့...
နှင်းတောထဲက
သင်းကွဲ ဝံပုလွေရိုင်းတကောင်
သူ့ အသွေးအသား
အမွှေးဖျားထိ
ဆွတ်ဆွတ်အဖြူရောင်
အပြာညကို...
လွှမ်းခြုံလျက်။
ရေးသားသူ ငြိမ်သက် at 6:37 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ဆာရိုနာရာ
"ဆာရိုနာရာ"
တစ်နေ့ကျရင်
အသေအချာ ခွဲကြရမှာပါလေ
လျှံဖိတ်လာတဲ့
ချစ်ခြင်းတွေကို အံကြိတ်ခါတင်းရင်း
မျက်နှာရယ်...မင်း...,
ဆက်ပြီး...
ဟန်ဆောင်ခြင်းတွေကောင်းလိုက်ပါ
နှလုံးသားရဲ့ ငိုချင်းရှည်တွေ
မပြီးမခြင်းပေါ့...။
ရယူခြင်းတွေ...ပေးဆပ်ခြင်းတွေ
လက်လှမ်းမမှီတော့တဲ့အခါ
ငါ...,
ပကတိ အဖြူရောင်ချစ်ခြင်းတွေနဲ့
တိတ်တဆိတ်
ရင်ကွဲနာ ကျလျက်ပါ ။
ဆင်စွယ်ဖြူတွေလို ပြန်ဝင်ရိုးမရှိတော့တဲ့
ချစ်ခြင်းကို ရင်ဝယ်ပိုက်ကာ
င်ါတို့ရဲ့...ဝေးကွာခြင်း
သံယောဇဉ် နေ့ရက်များ
အိုမင်းစေကြောင်း တောင်းဆုခြွေရင်း...
မျှော်လင့်ခြင်းဆိုတဲ့ အသိနဲ့
ငါ...,
တိတ်ဆိတ်စွာ
ရင်ကွဲနာ ကျလျက်ပါ ။
ရေးသားသူ ငြိမ်သက် at 6:36 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အချစ်လွန် အမုန်းများ
"အချစ်လွန် အမုန်းများ"
ဘုရားသခင်...
စိတ်အလိုကျ
ကမ္ဘာမြေပေါ်က
သက်ရှိထင်ရှား
အရင်ဦးဆုံး ကမ္ဘာ့လူသားလို့
ထင်ရှားပေမယ့်...,
နံရိုးတချောင်းဆုံးခဲ့တဲ့
ကိုယ့်ကိုကိုယ် ကျွန်တော်မုန်းတယ်။ ။
အဲဒီ...
နံရိုးတထစ်၊ အရိုးဆစ်က
နုညံ့ပျိုမျစ်
ကျွန်တော်ချစ်တဲ့
"ဧ၀" ဖြစ်လေတော့
ဖန်စီရင်တဲ့နှလုံး
ကိုယ်တော်ရှင်ကို ကျွန်တော်မုန်းတယ်။ ။
အဆိုးဆုံးအဖြစ်
နှလုံးသွေးသစ်နဲ့ "ဧ၀" ကိုချစ်တဲ့
ကျွန်တော့်ရဲ့....,အချစ်။
ချစ်ခြင်းရဲ့နောက်ဝယ်
ငါ....,ပါပျောက်ကွယ်သွားအောင်ချစ်လေတော့
တစ်ကမ္ဘာလုံးမှာကွယ်
ငါ့ချစ်ခြင်းကို ငါမုန်းတယ်။ ။
ရေးသားသူ ငြိမ်သက် at 6:36 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ရေနစ်ခဲ့တဲ့ "၃" နာရီ
"ရေနစ်ခဲ့တဲ့ "၃" နာရီ"
စာမွေးပွဲခန်းထဲဝင်မှ
ပြင်းပြင်းရှရှ
အမေ့ကို...
သတိရလိုက်တာ...
ဒီကြားထဲ...
ပုစ္ဆာ ၁ ပုဒ်က
ခက်နေဆဲ
မိန်းမလှတွေ
မလိုအပ်တဲ့ ဒီနေရာမှာ
တခန်းကို ဆရာမသုံးယောက်
ဘာကြောင့်ထား သလဲဗျာ...?
စဉ်းစားလို့ မရတဲ့
ကျနော့် ဦးနှောက်ကို
ပါမေက္ခချုပ်က
မေးခွန်းလွာ တရွက်နဲ့
သုံးနာရီတိတိ
အလုပ်ရှုပ်စေခဲ့...
ရုံသာမက...
First year မို့
micro ကို အကူအညီ
မခေါ်ရဲပဲ
ဆရာတွေမြင်သာအောင်
ကြောက်ချင်ယောင်
ဆောင်ပြခဲ့။
ရိုးသားတဲ့ အရသာ
ကျောင်းသားတွေ အတွက်
ကောင်းလိုက်တာဗျာ...
မျက်စိ နဲ့ လက်
အတော်...
အညောင်း သက်သာခဲ့တယ်။
စိတ်တော့ မပူပါနဲ့
နောက်ဆက်တွဲ ဆိုတဲ့
"ဝေါဟာရ" ဟာ
တို့အတွက် မျှော်လင့်ချက်ပါ...ချစ်သူ။
အိမ်အပြန် အမေမေးရင်တော့...
ကြိုးစားပြီး
ပြုံးပြုံးကလေးဖြေပါဟာ...
နင်ရိုးသားစွာ
ကြိုးစားဖြေဆိုခဲ့
အမှားအမှန်၊ ကွက်လပ်ဖြည့်နဲ့
၂ မှတ်တန်တို့ ရဲ့
ရာဇဝင် သမိုင်းကြောင်းကိုလေ... ။
ရေးသားသူ ငြိမ်သက် at 6:30 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ပန်းနုရောင်နယ် တစ်ဝက်ကအဖြူစက်
"ပန်းနုရောင်နယ် တစ်ဝက်ကအဖြူစက်"
ဂါဂါရယ်... "နင့် ကို" ငါချစ်တယ်
ကလေးဘ၀ရဲ့  အစိတ်အပိုင်း
ငွေရောင်အတိတ်လှိုင်းတွေကြားမှာ
ငါစိတ်ရိုင်းတွေ
ကစားမိတာ...
မင်းကို စသိခဲ့တဲ့
အဖြူရောင် အရိုင်းတစ်နေ့ မှာပါ။
ငယ်သူတို့ သဘော
ဖြူစင်ခြင်းကိုမက်မောလေတော့
သူငယ်ချင်းဆိုတဲ့ ဇာတ်မျှောမှာ
မမိုက်ဝံ့လို့ အလိုက်သင့်
နှလုံးသားကို ဖုံးကွယ်မြိုသိပ်
သန့် ရှင်းစွာနှုတ်ပိတ်ဆက်
တိတ်တဆိတ်နဲ့ ငါ
အဖြူရောင်လုပ်နေခဲ့တာ ကာလကြာရှည်ပါ။
အချစ်ဒဏ်ကိုသီးမခံနိုင်တဲ့အဆုံး
သံယောဇဉ်နိဂုံးမှာ
အဖြူရောင် ကိုဗုံးခွဲ
နှလုံးသွေး ရဲရဲနဲ့ ရော
မင်းကို....
ပန်းနုရောင်အသဲစကားတွေ
ပြောမယ်လုပ်ပေမယ့်
အဲ့ဒီအချိန်ဟာ
တကယ့်လက်တွေ့ 
ငါနောက်ကျခဲ့တဲ့နေ့ ရက်တွေပေါ့
မင်းကိုမူပိုင်သူဆိုင်ချင်တယ်လို့ 
တကယ်ရင်းတဲ့သူငယ်ချင်းက
သူ့ နှလုံးသားကို ခုံရုံးဖွင့်လှစ်
မင်းအတွက်နဲ့ ....
တစ်ကမ္ဘာလုံးကို စစ်ခင်းပြစ်လေတော့
ငါ့...ချစ်ခြင်းဘယ်လောက်နက်နဲ
အခုအချိန်မှာ......
ပေါက်ကွဲဖို့ ခက်ခဲ့ပြီ ။
အလာကောင်းပေမယ့်
အခါနှောင်းခဲ့တဲ့ငါ့ကို
အစဉ်သတိ
ရင်အသိနဲ့ 
ခွင့်သာလွတ်လိုက်ပါ...ဂါဂါ။
နောက်ကျောတစ်ခုကို
ဓားနဲ့ မထိုးမိစေဖို့ 
အချိုလွန်တဲ့ ငါပိုင်
ပန်းနုရောင် အိမ်မက်ဝိုင်ကို
သူဆီလက်ကမ်းလို့ 
ညိုမှောင်တဲ့ တောင်တန်းတွေကြားမှာ
ရွှေအိုရောင်ဖြတ်သန်းထားသလို
သိပ်လှတဲ့မင်းကိုပါ
ထားခဲ့ရတယ်ဆိုပေမယ့်.....
အဲ့ဒီ...
အချိုးအဆစ်
"ဂ " ရစ်ကနေ
ငါ့ဘ၀ နေညိုချိန်အထိ
"သူငယ်ချင်း" ဆိုတဲ့အသိနဲ့ 
စိတ်ချလို့ နေခဲ့ပြီ...
ရေးသားသူ ငြိမ်သက် at 6:28 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ဆီးဖီးယတ်(စ်)အလွမ်း
"ဆီးဖီးယတ်(စ်)အလွမ်း"
ကကြိုးစုံတဲ့
ညမျိုးစုံဆို၊မင်း...ဘယ်လောက်ပျော်မလဲ
မင်းရင်ထဲလှမ်း...၊ငါမှန်းမိတယ်
ဂျူနို။
ကကြိုးဆန်းတဲ့
ညချမ်းမျိုးဝယ်
မင်းကိုငါ,...လွမ်းတယ်
ဂျူနို။
ကကြိုးပျောက်မယ့်
ညမျိုးရောက်တယ်ဆို
ငါ...အခု၊သေမတတ်ကြောက်ခဲ့ပြီ
ဂျူနို။
လောကဓံသာ
အပြောမြန်မယ်ဆိုရင်လေ...,
ကကြိုးဝေးတဲ့၊ညမျိုးလေးကိုပဲ
ငါ...,တမ်းတမ်းတတအစကတည်းကရှိပါစေလား
ဂျူနိုရယ်။
တာရာမင်းဝေ ၏ ဂျူနို အားခံစားတင်ပြသည်။
ရေးသားသူ ငြိမ်သက် at 6:27 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ကာရန်လေးသို့
ဒီကဗျာလေးကို ၉တန်းကျောင်းသား ဘဝက သူငယ်ချင်း တစ်ယောက်အတွက် ရေးခဲ့တာပါ၊ဖတ်ပြီးရင် ကဗျာလား၊ ရည်းစားစာလား ဆိုတာကို comment မှာ ကျေးဇူးပြု၍...
"ကာရန်လေးသို့"
မင်းသာ...
ကဗျာလေးတစ်ပုဒ်
ဆိုရင်လေ
မင်းရဲ့...
မျက်ဝန်းနက်နက်
တစုံက
ကဗျာတစ်ပုဒ်ရဲ့
အဓီက "သော့"ချက်
ကာရန်လေးပေါ့။
ကာရန်လေးရယ်
ကိုယ်...
ကဗျာလေးတစ်ပုဒ်ကို
ခံစားတတ်ခဲ့ပြီ
အဲဒီအချိန်ကစပြီး
ကိုယ့်ရင်ခုန်သံတွေ
စည်းချက်မဲ့နေတယ်
ကူညီပါကာရန်လေးရယ်
ကူညီပါနော်။
ရေးသားသူ ငြိမ်သက် at 6:26 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
စိုးစိတ်
အဆိုတော် တစ်ယောက်ရဲ့ စကားလေး တခွန်းလို " ယောကျာ်းလေးများတင်မကပါဘူး၊ မိန်းကလေးများကိုလဲ ပြောပါတယ်...မရက်စက်လိုက်ပါနဲ့ လို့ "
"စိုးစိတ်"
ဂါဂါ...
နင်နဲ့တွေတိုင်း
နှလုံးသားကလန်းစွင့်
ငါ့ရင်ခွင်မှာ
ပန်းတို့ပွင့်ပြီလေ
အဲဒီ...
နူးညံ့လန်းစွင့်ပန်းပွင့်တွေကိုလေ
ပန်းခြွေလက်တို့မရှိတဲ့အရပ်
ပိုင်စိုးတဲ့အရှင်
နင့်ရင်ခွင်မှာ
ငါ့နှလုံးသွေးနဲ့ပျိုးကျဲ
ငါ့မျက်ဝန်းထဲ
ပန်းခင်းကြီးတခုအမြဲတွေ့ချင်တယ်ဟာ..
ဒါပေမယ့်...
နင်...အရမ်းခိုးမနမ်းရဘူးနော်ဂါဂါ
ခဏခဏနမ်းလို့
နွမ်းသွားမှဖြင့်
မလှပတဲ့ပန်းရယ်လို့
စွန့်ပစ်ခဲ့မှာ...ငါကြောက်လို့ပါ။
ရေးသားသူ ငြိမ်သက် at 6:24 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ရင်နီးချင်း
တဖက်သတ် အချစ်ဆိုတာကို ကဗျာတွေ၊စာတွေ ထဲမှာပဲ...ထားချင်တယ်ဗျာ......
"ရင်နီးချင်း"
နင်မဖတ်တတ်ခဲ့တဲ့
ငါရင်ဘတ်
နှလုံးသားရဲ့ 
ကျောက်စာချပ်တွေပေါ့
ဂီတကို...
နားမလည်လျက်နဲ့ 
ရင်ဘတ်ကစကားလုံးတွေကိုပေါင်းစပ်
နင့်အလှတရားအတွက်
ငါ့မှာတေးသွားတချို့ တော့ရှိလေရဲ့ 
နံရိုးတချောင်းရင်းရုံနဲ့ 
တစ်ညသုံးခါ
သံသယနဲ့  ထထစမ်းတဲ့ရာဇ၀င်မှာ
နှလုံးသားရင်းလို့ 
ချစ်ခဲ့တဲ့ငါ
အိပ်ရေးပျက်မှာကြောက်တာမဆန်းပေမယ့်
စိန်ပန်းပြာနဲ့ ဝေးတဲ့
စာသင်ရက်အားတွေမှာ
ငါနင့်ကိုတအား
လွမ်းတတ်ခဲ့သူပါ
" "များတဲ့
နင့်ကို...,
သ၀န်မတိုရက်ပေမယ့်
ငါအခါခါ
ရင်ဖိုတတ်ခဲ့ပြီ
မျက်နှာသေတခုကို
ရိုးရာပြုကာ
ခပ်ခွာခွာနေခဲ့လည်း
ငါ့နှလုံးသွေးက
နင့်ထံလှည့်ပတ်ဆဲပါ...ချစ်သူ
ဧဒင်မှာ
တူယှဉ်မပျော်ဘူးပေမယ့်
ငါနင့်ကိုအတော်ချစ်ဖူးခဲ့တယ်။
ရေးသားသူ ငြိမ်သက် at 6:24 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အမုန်းမဲ့နောင်တ
"အမုန်းမဲ့နောင်တ"
ဂါဂါ…နင်နဲ့ တွေ့ တိုင်း
ငါ့ကမ္ဘာ့
ဝေဒနာ အလွမ်းညတွေပါ
ကြွေကာနွမ်းလျမယ့်
ပန်းတွေအဖြစ်သာပွင့်မယ်..ဆိုရင်လေ
ငါ့နှလုံးသားမျက်နှာကျက်ကနေ
တဖြုတ်ဖြုတ်ကြွေကျလို့
ငါ့ရင်ခွင်ကြမ်းပြင်ထက်မှာ
ငါ့ကောင်းကင်ကြေမွပေါ့
တခါတခါ ဒီအတွက်
လ "က" ကမ္ဘာ့ကိုနာတဲ့စိတ်မျိုးနဲ့
ငါနေကြတ်ချင်ခဲ့
တားမြစ်ထားတဲ့ အဆိပ်သီးပေါ်က
ကိုက်ရာအတွက်တော့
ငါ့ဦးနှောက်မှာ နောင်တတွေမထင်ဟပ်ခဲ့ပါဘူး
အပြီးသတ် မစားသုံးနိုင်ခင်
အဆိပ်တက်ခဲ့တဲ့…
ကိုယ့်ကိုကိုယ်….သာ….
ရေးသားသူ ငြိမ်သက် at 6:20 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
သံတူကျောင်းကွဲ
မြို့ မကသူငယ်ချင်းများ...၊မြို့ မကမဟုတ်လည်း.. ရင်ခုန်သံချင်းတူရင် ခံစားပေးကြပါလို့
ဒီကောင်မလေးကို အလည်ဝင်ပေါက် အနောက်က တိုးချဲ့ဆောင်မှာ စတင်ဆုံဆည်းပြီး
အလယ်ထပ် အရှေ့မျက်နှာစာ အရောက်မှာ သူမနဲ့ကျွန်တော်.....၊ထို့နောက်...အောက်က... ကဗျာလေးအတိုင်း...
"သံတူကျောင်းကွဲ"
ကောင်မလေး
နင်လွမ်းလို့ 
ရင်ထဲမှာ ငါ့ကို
တိုးတိုးလေးခေါ်ချင်ခေါ်ပါ
ငါလွမ်းရင်
နင့်နာမည်ကို
ကဗျာထဲမှာ
ရေးချပါရစေ
"ZKSA"
Stageကထွက်
Ecoမှာနင်တက်
လူတကာကိုဈေးဖြတ်ရင်း
အလှရနံ့ ထုံသင်းတဲ့
အပြုံးပန်းတွေရောင်းချင်ရောင်းပါ
တာဝမှာငါ
နငိ့အတွက်ကဗျာတွေစပ်ရင်း
ကျောင်းတက်ခေါင်းလောင်းထိုးနေမယ်
မိန်းမလှလေးတွေမြင်တိုင်း
အဖြုအစိမ်းဘဝက
နင့်ပုံရိပ်တွေပဲထင်ဟပ်လို့
ခပ်ဖွဖွကျိန်" "ရင်း
ငါ...
မြတ်မြတ်နိုးနိုး
ချစ်နေဆဲ
မြို့မကျောင်းလမ်းပေါ်က
ခရေ...ကောက်ရင်
မျက်ရည်ခြောက်တွေ
ကြည့်ရှောင်ပါလို့
အသက်လောက်ချစ်ခဲ့တဲ့
ငါတို့အကြောင်းသိ
အမိကျောင်းတော်ကြီးက
ဘဝတူချစ်ရသူတွေကို
သတိပေးနိုင်ပါစေ
ယောကျာ်းလေးတို့ မာန
နင်...
မိန်းကလေးသဘာဝအလျောက်
မပြတ်သားခဲ့ကြတဲ့
ငါတို့ဘဝတွေအပေါ်မှာ
အခါလွန်မိုး
အညှိုးနဲ့ ရွာလေပြီ။
ရေးသားသူ ငြိမ်သက် at 6:17 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ကောင်ကလေးရဲ့ လင်္ကာ
ဒါလေးက "ညီခ" ခံစားချက်တွေကို ပုံဖေါ်ပေးခဲ့ရုံပါ…
အဲဒီမှာ…ခက်တာဆိုလို့…သူ့ကောင်မလေးက
မြန်မာစာ ကောင်း၂ မဖတ်တတ်ဘူး၊ အဲဒါနဲ့ …ဘေးလူုကို ဖတ်ခိုင်းတော့….
"ကောင်ကလေးရဲ့ လင်္ကာ"
မင်းနဲ့တွေ့တိုင်း
ငါ့နှလုံးသား
ကစဥ့်ကလျား ဖြစ်ဖြစ်သွားတယ်
ဒါ...ချစ်ခြင်းများလား?
ငါ...,
အသေအချာ မသိပါ
မင်းမျက်ဝန်းရဲ့ ဘာသာစကားကို
နားလည်တတ်ခဲ့သူ
အဓိပါယ် ဖတ်တတ်သူ
မင်းဘဝထဲမှာ
နူးညံစွာပျော်ဝင်တတ်သူ ဖြစ်ချင်တယ်
အထူးပြုပါရစေ
ငါမြတ်နိုးတဲ့...နှင်းပန်းပွင့်ကလေးရယ်
မင်း...မိဘ..ထက်ပိုချစ်တယ်
ဖြားယောင်းခြင်းမဟုတ်ဘူးနော်
သန့်စင်တဲ့ ချစ်ခြင်းကိုခင်းကျင်းရင်း
ငါ့ဘဝထဲကိုလမ်းပြခေါ်ဆောင်ခြင်းတခုပါ
"ခွင့်ပြုပါ" လို့
ငါမင်းကိုချစ်ကြောင်းပြောပါရစေ
ဒေါပွမနေပါနဲ့
လျော့ချလိုက်ပါဒေါသတွေကို
မင်းစိတ်ဆိုးရင် ပိုလှတတ်တာသိရက်နဲ့
ငါ့အား...မင်း..
ထပ်နှိပ်စက်မထားပါနဲ့တော့
ရှက်ပြုံးတချက်ခြွေရင်း
ငါ့နှလုံးသားလေး...
ခဏတာ...ကျေနပ်စွာသေဆုံးသွားပါစေ
ဘဝမှာတိုက်စားလို့ရခဲ့တဲ့
ဒဏ်ရာတွေ အမောပြေစေဖို့
ချစ်တယ် ဆိုတဲ့အဖြေစကားနဲ့
င့ါကို...,
မင်းရင်ခွင်မှာမှေးစက်ထားပါ
အကောင်းဆုံးပြိုင်ဘက်တွေရဲ့ကြားက
ထိုးနှက်မှုများလို့
မင်းလက်ဖဝါးကို
ခပ်ဖွဖွလေးကိုင်ထားပါရစေနော်...
ချစ်သူရဲ့ လက်ဖဝါးနုနုဟာ
င့ါအတွက်တော့အင်အားတခုပါ
သေချာတာကတော့
အဖြုရောင်တံတိုင်းတွေကိုကျော်ရဲမှ
ပန်းနုရောင်ကမ္ဘာသစ်ထဲရောက်မယ်
ချစ်သူ....
နင်မကြောက်နဲ့နော်
ချစ်ခြင်းဖွဲ့အနုပညာနဲ့
အနာဂတ်ဘဝကို
အကောင်းဆုံးဖြစ်အောင်
နင့်အတွက်ငါ...
တည်ဆောက်နိုင်သူပါ။
ရေးသားသူ ငြိမ်သက် at 6:16 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
ကျောင်းသွားဖော်
လွန်ခဲ့သော ဆယ်စုနှစ်များ ဆီက ငြိမ်သက် အနားမှာ ရှိနေပေး ခဲ့သော "ဂါဂါ" နှင့်
"ဂါဂါ" တွေများစွာ အနားမှ "ငြိမ်သက်" ပေါင်းများစွာ အတွက်...
"ကျောင်းသွားဖော်"
ဂါဂါ…
ငါ့အိမ်ရှေ့တံခါးဝအရောက်မှာ
ခြေသံဖွဖွနင်းလျှောက်ခဲ့ပါ
ငါ့ရင်ခွင်ရိုင်းက
နင့်ခြေသံတွေကြားတိုင်း
မုန်တိုင်းထန်လွန်းလို့။ ။
ဂါဂါ…
ငါ့အိပ်ခန်း တံခါးဝရောက်ရင်
ခပ်ဖွဖွလေးတံခါးခေါက်ပါ
အအိပ်မက်တဲ့ငါ
အိပ်ပျက်ခံပြီး
နင့်ကို…အိမ့်မက်နေလို့။ ။
ဂါဂါ…
ကျောင်းကိုအတူသွားတိုင်း
ခြေလှမ်းရိုင်းရိုင်းလှမ်းပါ
တစိမ်းလူတွေနင့်ကိုဝိုင်းကြည့်တိုင်း
သူငယ်ချင်း ဆိုတဲ့တံတိုင်းကို
အခါမလပ် ငါဖောက်ဖျက်ချင်ပြီ။ ။
ရေးသားသူ ငြိမ်သက် at 6:14 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ